A Hundred Scenes of Awajima

ဒီကားကတော့ မထွက်ခင် AniOne Asia ကနေတင်လိုက်တဲ့ ပိုစတာကြည့်မိပြီး စိတ်ဝင်စားလို့ trailer သွားကြည့်ဖြစ်ရင်းကြိုက်မိသွားရာကနေ၊ staff တွေအကြောင်းအနည်းငယ်ရှာကြည့်ပြီး ဒီရာသီမှာကြည့်ဖြစ်အောင်ကြည့်မယ်ဆိုပြီး ကြည့်ဖြစ်သွားတာပါ။ ရှေ့ရာသီမှာပြီးခဲ့တဲ့ Journal with Witch ရဲ့နေရာယူမယ့် ဒရာမာကားတစ်ခုပါ။

ဇာတ်လမ်းကတော့ Awajima ဆိုတဲ့ ပြဇာတ်သင်တန်းကျောင်းက ကျောင်းသားတွေအကြောင်းပေါ့။ Trailer ကိုပဲကြည့်ပြီး ဇာတ်လမ်းအကျဥ်းချုပ်ကို မဖတ်ခဲ့တော့၊ အစက Kageki Shojo လိုမျိုး ဇာတ်လိုက်မင်းသမီးတစ်ယောက်နဲ့ ပြဇာတ်အကြောင်းတွေ ကြည့်ရမယ်ဆိုပြီးထင်ခဲ့တာ။ အပိုင်းတစ်ကြည့်ပြီးမှ ဇာတ်ကားနာမည်အတိုင်း Awajima ကျောင်းမှာ တက်ခဲ့တဲ့အရင်ကကျောင်းသားတွေကော လက်ရှိတက်နေတဲ့ကျောင်းသားတွေရဲ့ ဘဝတွေအကြောင်းကော စုပြထားတဲ့ကားမျိုးပါ။

ဇာတ်လမ်းက ဇာတ်လိုက်မင်းသမီးတစ်ဦးကိုပဲ အထိကမထားပဲ မတူညီတဲ့နောက်ခံကနေလာတဲ့ ကျောင်းသား၊ ဆရာမတွေရဲ့ ကျောင်းမရောက်ခင်အတိတ်ဘဝ၊ ကျောင်းသားဘဝ၊ ဇာတ်စင်ပေါ်ကဘဝတွေအပြင် တစ်ချို့ကျကျောင်းနဲ့လုံးဝမဆိုင်တဲ့ ပြဇာတ်ပရိတ်သတ်တွေ့ရဲ့ဘဝတွေပါတွေ့ရတော့ တစ်ချို့အပိုင်းတွေကျ ဝမ်းနည်းစရာကောင်းသလိုလို၊ တစ်ချို့အပိုင်းတွေကျ ချစ်စရာကောင်းသလို ခံစားချက်မျိုးစုံကိုပေးပါတယ်။ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ အမျိုးမျိုးသော မတူညီတဲ့ခက်ခဲမှုတွေကို ဘယ်လိုကြုံတွေ့ ဘယ်လိုဖြတ်ကျော်ခဲ့ရတာတွေကို နောက်ခံတေးသီချင်းညိမ့်ညိမ့်လေးနဲ့ ရေဆေးပန်းချီဆန်ဆန်ပုံတွေနဲ့ပါ animated လုပ်ထားတာတွေက ဇာတ်လမ်းထဲကို ပိုပြီးဆွဲဆောင်မှုရှိစေတယ်။ နောက်ပြီး ကိုယ်တွေအတွက်တော့ ဒီနေ့ထွက်ခဲ့တဲ့ အခန်း ၅ ကတော့ကွက်တိထိမိတယ်၊ မြန်မာကလူအများစုနဲ့လည်း ဒီအခန်းကလိုမျိုး တစ်နည်းမဟုတ်တစ်နည်းနဲ့ ကြုံဖူးကျမယ်ထင်တယ်။

အပိုင်း ၃က screenshot များ

Production ကောင်းကောင်းနဲ့ ဒရာမာဇာတ်လမ်းတစ်ခု ရှာနေတယ်ဆိုရင် ဒီကားကိုကြည့်ကြည့်ပါ။ AniOne Asia YouTube Channel မှာ ကြည့်လို့ရပါတယ်။ စကားချပ် လက်ရှိမှာတော့ listing လုပ်တဲ့ဆိုက်တွေမှာ rating နည်းနေသေးတာကတော့ ဝမ်းနည်းစရာတစ်ခုပါ။